ထိုင်းမှာတရားဝင်စီးပွါးရေးစလုပ်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်တတ်နိုင်မယ့် Budget ကို ချိန်ဆရမှာ ကြိုတင်တွက်ထားရမယ့် ကုန်ကျစရိတ်တွေအကြောင်း ဖော်ပြသွားပေးပါမယ်
1. Company Registration Fees
ကုမ္ပဏီဖွဲ့စည်းမှုနဲ့ မှတ်ပုံတင်ဖို့အတွက် ကုန်ကျစရိတ်။
ကုမ္ပဏီမှတ်ပုံတင်ခြင်းကို Business Development Department DBD မှာ ထိုင်းဘာသာစကားနဲ့ ဖြည့်သွင်းမှတ်ပုံတင်ရမှာဖြစ်ပြီး အကယ်၍ Agency တွေအသုံးပြုမယ်ဆိုပါက မှတ်ပုံတင်ခြင်းအတွက် ဘတ် ၂ သောင်းကနေ ၅ သောင်းအထိ ပေးရနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းပေါ်မူတည်ပြီး ၁၀၀% နိုင်ငံခြားသားပိုင်နဲ့တည်ထောင်မလား ထိုင်းလူမျိုးရှယ်ယာရှင်နဲ့တည်ထောင်မလားဆိုတာ ဆုံးဖြတ်ပြီး မှတ်ပုံတင်လို့ရပါတယ်။
2. Office Rental ရုံးခန်းငှါးခ
ကုမ္ပဏီမှတ်ပုံတင်ဖို့အတွက် မဖြစ်မနေရှိရမယ့် ရုံးခန်းကိုလဲ ငှါးဖို့ကြိုတင်ချိန်ဆကြရပါမယ်။ များသောအားဖြင့် လုပ်ငန်းတည်ထောင်သူတွေက မိမိနေတဲ့အိမ် သို့မဟုတ် ကွန်ဒိုကို ရုံးခန်းနေရာအဖြစ်သုံးဖို့ ရည်ရွယ်ကြသော်လည်း ဥပဒေအရ နေထိုင်ခွင့်သာရှိတဲ့ ကွန်ဒိုကို ကုမ္ပဏီလိပ်စာအဖြစ်အသုံးပြုခွင့်မရှိသလို၊ လုံးခြင်းအိမ်၊ townhouse များဆိုရင်လဲ အိမ်ပိုင်ရှင်က land tax ရှောင်ထားခဲ့ပါက ကုမ္ပဏီလိပ်စာအနေနဲ့ မှတ်ပုံတင်ဖ်ို့ ခက်ခဲနိုင်တာကြောင့် များသောအားဖြင့် Virtual office တွေကိုသာငှါးပြီး တည်ထောင်ကြလေ့ရှိပါတယ်။
အိမ်ငှါးခကတော့ ဧရိယာအကျယ်ဝန်း၊ သွားလာရလွယ်ကူမှု၊ ရပ်ကွက်အခြေနေပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိပါတယ်။ ဘန်ကောက်ဆိုရင်တော့ townhouse တစ်လုံးက အနည်းဆုံး ၂၅၀၀၀ ဘတ်မှစပြီး ချင်းမိုင်ဆိုရင်တော့ ၈၀၀၀ ဘတ်လောက်က စပါတယ်။
3. Licenses and Permits
လုပ်ငန်း industry ပေါ်မူတည်ပြီး လိုင်စင်တွေလျှောက်ဖို့လိုအပ်ပါတယ်။ ကုမ္ပဏီအောက်က လုပ်ငန်းပေါင်းများစွာ သွားလို့ရတဲ့အလျောက် လုပ်ငန်းတစ်ခုချင်းပေါ်ကလဲ လုပ်ငန်းရဲ့ size နဲ့
Manpower အသုံးပြုမှုပေါ်မူတည်ပြီး မဖြစ်မနေလျှောက်ထားရမယ့် လိုင်စင်နဲ့ permit တွေလိုအပ်ပါတယ်။ ဥပမာ- စားသောက်ဆိုင်ဖွင့်မယ်ဆို စားသောက်ဆိုင်လိုင်စင်၊ ခြံဝန်းထဲပါ ခုံခင်းဖွင့်မှာဆို construction permit၊ အစားသောက်ကိုင်တွယ်သူ Chef or food handler ရဲ့ food safety certificate ၊ ဆေးစစ်ချက် medical certificate စတာတွေ လိုအပ်မှာဖြစ်ပါတယ်။ ကုန်ကျစရိတ်အားဖြင့်တော့ မိမိဖွင့်မယ့် ဆိုင်ရဲ့အကျယ်ဝန်း၊ busy area ဖြစ်မှုမဖြစ်မှု၊ လိုအပ်ချက်နဲ့ပြည့်မီမှုရှိမရှိ မူတည်ပြီး လိုင်စင်ကြေး၊ ဝန်ဆောင်မှုကြေးအနည်းများရှိပါတယ်။ ကြိုတွက်ထားလို့ရတာကတော့ အကြီးစားမဟုတ်တဲ့ဆိုင်တွေ မည်သို့သောလုပ်ငန်းဖြစ်ဖြစ် လိုင်စင်ကြေး ( လိုင်စင် ၁ ခုမှ ၃ခု) က ဘတ် ၁ သိန်းထက်မပိုပါဘူး။
4. Legal and Accounting Services
ဒါကတော့ ကုမ္ပဏီထောင်ပြီး ဆက်လက်ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်လို့ သတ်မှတ်နိုင်ပါတယ်။ ကုမ္ပဏီအောက်က စာချုပ်တွေ အထူးသဖြင့် ဆိုင်ခန်းငှါးစာချုပ်၊ ရှယ်ယာရှင်ချင်းသဘောတူစာချုပ်၊ B2B MOU စာချုပ်စတာတွေဟာ များသောအားဖြင့် ထိုင်းဘာသာစကားဖြင့်သာ ဥပဒေအတွင်းတရားဝင်တာမို့ ဒါတွေအတွက် ကုန်ကျစရိတ်တွေရှိနိုင်သလို လစဉ်၊ နှစ်စဉ် စာရင်းရှင်းတာတွေလဲ ကုန်ကျမှာတွေရှိတာမို့ ကုမ္ပဏီမထောင်ခင်မှာ သေချာတွက်ချက်စေချင်ပါတယ်။ ပုံမှန်ကုန်ကျနိုင်တာတွေကတော့ လစဉ် စာရင်းရှင်းတမ်း ( ကုမ္ပဏီထဲငွေအဝင်ထွက် transactions အရေတွက်ပေါ်မူတည်ပြီး accounting firm များမှ transactions အကြောင်းရေ ၂၀ ၊ ၃၀ ပေါ်တွက်ချက်ပြီး တစ်လ ၃၅၀၀ ဘတ်မှ ၅၀၀၀ ဘတ်အထိယူလေ့ရှိပါတယ်။ လစဉ် မိမိအပါဝင် ဝန်ထမ်းများရဲ့ ဝင်ငွေခွန်၊ လူမှုဖူလုံရေးကြေးတွေကလဲ တစ်ဦးကို ၁၅၀၀ ဘတ်မှ ၃၀၀၀ ဘတ်အထိကျနိုင်ပါတယ်။ နှစ်စဉ် စာရင်းစစ် audited financial statement တွေနဲ့ Annual Return တင်ကြေးကတော့ တစ်နှစ်စာဝင်ငွေပေါ်မူတည်၍ တစ်နှစ်ခြင်းဆို 10,000 THB-30000 THB လောက်ကုန်ကျနိုင်ပါတယ်။
5. Staff Salaries
ဝန်ထမ်းလစာကိုဖော်ပြရမယ်ဆိုရင် မည်သို့သောလုပ်ငန်းမဆို အနည်းဆုံး ငွေကိုင် cashier နေရာမှာ ထိုင်းလူမျိုးတစ်ဦးတော့ ခန့်ထားဖို့လိုပါတယ်။ မြန်မာလူမျိုးဝန်ထမ်း ( blue collar) က ငွေကိုင်ခွင့်မရှိလို့ပါ။ ထိုင်းဝန်ထမ်းတစ်ဦးရဲ့လစာက အနည်းဆုံး ၉၀၀၀ မှစပြီး ဘွဲ့ရပညာတတ်ဖြစ်ပါက ၁၅၀၀၀ မှ စပေးရပါတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့လစာက တစ်နှစ်စာ ၁၅၀၀၀၀ အထက်ကျော်မယ်ဆို သူ့အတွက် ဝင်ငွေခွန်ပါဆောင်ပေးရမှာပါ။ pink card + work permit ကိုင်ထားတဲ့ မြန်မာတွေကိုတော့ ကိုယ့်ကုမ္ပဏီအောက်ထည့်ပြီး လိုအပ်သလိုခန့်ထားလို့ရပြီး လစာကတော့ ဘန်ကောက်ဆို ၁၂၀၀၀ မှစ၍ ချင်းမိုင်ဆို ၁၀၀၀၀ မှစ၍ ပေးရလေ့ရှ်ပ်တယ်။ အကယ်၍ ဝန်ထမ်းက မြန်မာဖြစ်ပြီး White collar အနေနဲ့ခန့်မယ်ဆိုရင်တော့ ဘတ်၂သန်းထပ်ထည့်ပြီး ထိုင်း၄ယောက်အပြိုင်ခန့်ရပါတယ်။
အချုပ်ပြောရမယ်ဆိုရင်တော့ ထိုင်းမှာ ကုမ္ပဏီထောင်မယ်ဆို လုပ်ငန်းတစ်ခုတည်းလုပ်တာမဟုတ်ပဲ တခြားသောလုပ်ငန်းများစွာကိုပါ တပြိုင်တည်းစနိုင်မှ ကုန်ကျစရိတ်ကာမိနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ပက်သတ်ပြီး အသေးစိတ်ဆွေးနွေးလိုပါက consultation ရယူနိုင်ပါတယ်ရှင်။
Business
ထိုင်းမှာစီးပွါးရေးစဖို့ ကြိုတွက်ရမယ့် ကုန်ကျစရိတ်များ